မတူပီမြို့မှ လူငယ်(၆)ဦးအား ထောင်ဒဏ်လေးနှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများ ပါဝင်နေဟုဆို

ချင်းပြည်နယ် မတူပီမြို့တွင် ဖေဖော်ဝါရီ ၂ဝရက် ချင်းအမျိုးသားနေ့တွင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့်ဟုဆိုကာ လူငယ်(၆)ဦးအား ထောင်ဒဏ် ၄နှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများပါဝင်နေကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့်ထဲတွင်ပါဝင်သူ၏ မိဘဖြစ်သူထံမှ သိရသည်။

“ကျမတို့သားက အဲဒီအခင်းဖြစ်တဲ့ညတုန်းက ဆယ်နာရီမှာပြန်လာတယ်၊ သူက အဲဒီမတိုင်ခင် လေဖြတ်ထားတာကြောင့် စောစောပြန်လာဖို့ပြောထားတယ်၊ သူလည်း ဆယ်နာရီလောက်ပြန်ရောက်တယ်၊ သူနဲ့အတူတူအိပ်တဲ့ ကျမတို့ဆီမှာနေတဲ့ ကျောင်းသားလေးကလည်း ဆယ်နာရီပြန်ရောက်တယ်လို့သေချာပြောတယ်၊ တစ်ကယ်အခင်းဖြစ်တဲ့အချိန်က ၁၁နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်၊ ဖမ်းတာကလည်း သံသယရှိတယ်ဆိုပြီး ဖေဖော်ဝါရီလ ၂၄လောက်မှ ခေါ်သွားတာ၊ ကျမတို့လည်း သံသယရှိရုံလောက်ဘဲဆိုတော့ သိပ်မကြာလောက်ဘူးထင်ထားတာပေါ့၊ ဒါပေမယ့် လွတ်မလာတော့ မြန်မြန်လွတ်ဖို့ဆိုပြီး ကျမတို့နဲ့ဘာမှမဆိုင်ပေမယ့် ရဲကားပြင်ဖို့အတွက် ၁၈သိန်းကျော်အကုန်ကျခံပြီးပြင်ပေးတယ်၊ ရှေ့နေဌားခတွေလည်းကုန်တယ်၊ စခန်းမြို့နှင့် မြို့နယ်မှူးကို ပေးထားတာတွေရှိပေမယ့် ခုတော့ ထောင် လေးနှစ်ခြောက်လကျသွားတယ်”ဟု ထောင်ချခံရသည့်အထဲတွင်ပါဝင်သူ မောင်ထက်နိုင်ဦး ၏ အမေဖြစ်သူမှပြောသည်။

အခင်းဖြစ်စဉ်မှာ မတူပီမြို့ ဗိုလ်တိုက်ချွန်းခန်းတွင်ကျင်းပခဲ့သည့် (၇၁)နှစ်မြောက်ချင်းအမျိုးသားနေ့ အခန်းအနားအတွင်း ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ရုံးရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင် ပစ္စည်းအချို့ပျက်စီးသွားခဲ့ခြင်းကြောင့် လူငယ် ၆ဦးအား သံသယဖြစ်တရားခံဟုဆိုကာ ဖမ်းစီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် ဖမ်းစီးခံရသည့် လူငယ်များမှာ မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးဖြစ်ပီး အောက်တိုဘာ ၁ဝရက်နေ့တွင် မတူပီတရားရုံးမှ ထောင်ဒဏ်လေးနှစ်ခွဲစီကျခံရန် အမိန့်ချမှတ်ခဲ့သည်။

တရားရုံးမှ လူငယ် ၆ ဦးကို ထောင်ဒဏ်ကျခံရန် ချမှတ်မှုကြောင့် မတူပီမြို့ခံ ပြည်သူအချို့မှ တရားစီရီမှုအပေါ် သက်ညှာပေးရန်နှင့် ပြစ်ဒဏ်ကိုပြန်လည်ပြင်ဆင်ပေးရန် အောက်တိုဘာ ၂၉ရက်နေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဟု သိရသည်။
ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်မည့် ချင်းလူငယ်အဖွဲ့အစည်း (မတူပီ)မှ အဖွဲ့ဝင်တစ်ဦးက “ဒီခြောက်ယောက်ထဲမှာဆိုရင် တက္ကသိုလ်တက်နေတဲ့သူ နှစ်ယောက်ပါတယ်၊ ဆယ်တန်းတက်နေတဲ့သူနှစ်ယောက်ပါတယ်၊ ကျန်တဲ့နှစ်ယောက်က မိဘတွေကို ကြည့်ရှုစောင့်ရှောက်နေကြတဲ့သူတွေပါတယ်၊ အခုဆန္ဒထုတ်ဖော်မှာက မိဘတွေရဲ့ဆန္ဒသဘောအတိုင်း ဖြစ်ဒဏ်စီရင်တဲ့အပေါ်မှာ သက်ညှာပေးဖို့ အသနားခံ တောင်ဆိုတာပါ၊ ဘယ်သူမှားတယ် မှန်တယ်လို့ ထောက်ပြသွားမှာမဟုတ်ပါဘူး”ဟုပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် အရပ်ကားတစ်စီးနှင့် ရဲကားတစ်စီးပျက်စီးသွားခဲ့ပြီး အဖမ်းခံရသည့်လူငယ်များကိုလည်း အခင်းဖြစ်စဉ်တွင် ဖမ်းစီးခြင်းမဟုတ်ဘဲ အခင်းဖြစ်ပွားပြီး နောက်ရက်များတွင် အသီးသီးဖမ်းစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။