အစိုးရ အာဏာပိုင်များ ကချင်သမ္မာကျမ်းစာသင်တန်းကို ဝင်စီး

credit: bnionline

မော်ဖောင်း သမ္မာကျမ်းစာသင်တန်းကျောင်း

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ နှင့် တည်နေရာနီးကပ်သော အောက်မော်ဖောင်း နယ်မြေ ၂ ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ‘အသက်သာသစ် သမ္မာကျမ်းစာ သင်တန်းကျောင်း’ ကို လက်နက်ဖြင့် အရပ်ဝတ်လူတစ်စု ဝင်ရောက်စစ်ဆေးခဲ့မှုအကြောင်းအရင်းကို မသိရသေးကြောင်း စခန်းတာဝန်ခံ ပြောပါသည်။

စက်တင်ဘာလ ၂၆ရက် နံနက် မိုးမလင်းမှီ ၃ နာရီခန့်တွင် စရဖ အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူး စုစုပေါင်း လူအင်အား ၂၀ကျော်က သမ္မကျမ်းစာသင်တန်းကျောင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သင်တန်းကျောင်းတာဝန်ခံ Sara Seng Hpa (ဆရာဆိုင်းဖာ) ယခုလိုပြောဆိုထားပါသည်။

“ဘာကြောင့်လာတယ်။ ဘယ်သူက ညွန်ကြားပြီး လာရတယ်။ ဘာတစ်ခုမှ ခိုင်လုံမှုမရှိဘဲ လာရောက်စစ်ဆေးမှုတွေ ပြုလုပ်တာကိုတွေ့ရတယ်။ မေးတော့လည်း ဘာမှ ပြောမသွားကြဘူး။ အဲ့ကြောင့် တကယ်တမ်း သုံးသပ်ကြည့်ရင် သူတို့က အဖွဲ့တွေနဲ့ ပြင်ဆင်ပြီး လာတယ်ဆိုတော့ တစ်စုံတစ်ခု မင်္သကာမှုတွေရှိနေတဲ့ ပုံစံ အနုကြမ်းစီးတဲ့ ပုံဖြစ်နေတယ်” ဟု ပြောဆိုသည်။

သင်တန်းကျောင်းအတွင်းအသုံးပြုနေသော လက်ကိုင်စကားပြောစက်ကို တန်းစီပြီး ဓါတ်ပုံရိုက်ယူကာ ၊ လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးခဲ့သည်ဟု ပြောဆိုပါသည်။

သင်တန်းကျောင်းဝင်းအတွင်း လာရောက်စစ်ဆေးသူများက အရပ်ဝတ်ဖြင့် သေနတ်၊ ပုဆိန်၊ သံညှပ်ကပ်ကြေး အစ ယူဆောင်ကာ အတင်းဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သင်တန်းကျောင်းအတွင်း ဆက်ကပ် ပါဝင်နေသည့် Lahke Seng Aung (ကိုဆိုင်းအောင်) က ယခုလိုပြောဆိုပါသည်။

“အရပ်ဝတ်နဲ့ တစ်ချို့က သေနတ် အရှည်နဲ့ အတိုကိုင်ကြတယ်။ အာလုံး အယောက် ၂၀ လောက်ရှိတယ်။ သူတို့အနေနဲ့ ဘာကြောင့် လာစစ်တယ်မပြောဘူး။ သူတို့က သူတို့က သင်တန်းသားတွေက အစ တာဝန်ရှိသူ အားလုံးမေးစစ်တယ်။ ကောင်းကောင်း မဖြေတဲ့ သူတွေကို ဂုတ်ဆွဲမေးတယ်။ ပြီးရင် တစ်ဆောင်လုံး လိုက်စစ်ဆေးကြတယ်” ဟု ပြောဆိုခဲ့သည်။

အဆိုပါ ကျမ်းစာသင်တန်းကျောင်းကို ‘မည်သည့်အဖွဲ့အစည်းက ထောက်ပံ့ပေးနေကြောင်းနှင့် KBC ဥက္ကဌ သိက္ခာတော်ရဆရာဆမ်ဆွန် ဒီနေရာကို လာရောက်ဖူးသလား’ စသည့်မေးခွန်းများကို မေးခဲ့ကြောင်း ပြောဆိုပါသည်။

“ကျနော့ကို ခေါ်ပြီး စစ်ဆေးတယ်။ အသက်မေးတယ်။ ပြီးရင် သင်တန်းမှာ ဘယ်အဖွဲ့အစည်းက ထောက်ပံ့ ပေးနေလဲ မေးတယ်။ နောက် ကျနော်ကို သေနတ်ကိုင်ဖူးလားတဲ့ မေးတယ်။ မေးတဲ့ လူက စစ်သားထင်တယ်။ လာစစ်တဲ့သူတွေက တစ်ကျောင်းလုံး စစ်တယ်” ဟု ဖားကန့်မှ သင်တန်းလာရောက် တက်ရောက်နေသူ စစ်ဆေးခံရသည့် ကိုအောင်ကိုထွန်းက ပြောဆိုခဲ့သည်။

လာရောက်စစ်ဆေးရာတွင် လိုက်ပါခဲ့သော မော်ဖောင်းကျေးရွာအုပ်ချုပ်ရေးမှူးကတော့ “ ကျနော့်ကို အစောကြီးဖုန်းဆက်လာကြတယ်။ ရွာထဲက သက်သေ ၂ဦးကို ရှာထားတဲ့။ ဘာကိစ္စလဲတော့ မသိဘူး။ သူတို့ရောက်လာတာနဲ့ အခုဒီ သင်တန်းကျောင်းကို ခေါ်သွားကြတယ်။ ဘာရှာမှန်းလည်းမသိဘူး။ ဘာခေါင်းစဉ်နဲ့ စစ်ဆေးမှန်းကို မသိရဘူး”ဟု ပြောဆိုသည်။

မော်ဖောင်းကျေးရွာရှိ အဆိုပါကျမ်းစာသင်တန်းသည် ၂၀၁၆ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် သင်တန်းသား အယောက် ၁၀၀ ခန့်သာ ရှိကြောင်း သိရပါသည်။

ယခုဖြစ်စဉ်နှင့်အလားတူ လွန်ခဲ့သည့် သြဂုတ်လတွင်လည်း အကျဲကျေးရွာတွင် ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Ja San) လုပ်ငန်းများဆောင်ရွက်နေစဉ် စရဖ နှင့် မြို့နယ်ရဲတပ်ဖွဲ့များ ဝင်ရောက် စစ်ဆေးခဲ့ကြောင်းသိရပါသည်။

ယခုကျမ်းစာသင်ကျောင်းသည် ကချင်လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan (PJS) တာဝန်ယူပြီး မူးယစ်ဆေးဝါး သုံးစွဲနေသောသူများကို စိတ်ဓါတ်ပြုပြင်ရေးသင်တန်း ပြုလုပ်နေသော ‘သမ္မာကျမ်းစာသင်တန်း’ များဖြစ်ပါသည်။

“Pat Jasan အနေနဲ့ ကချင်လူမျိုတွေမှာ မူးယစ်ဆေးဝါးသုံးစွဲလာတဲ့သူ အရမ်းများလာတယ်။ အခုနောက်ပိုင်းဆို အသက်မပြည့်သေးတဲ့ ကလေးတွေပါ မူးယစ် သုံးစွဲလာတာ ပိုတွေ့ရတယ်။ မူးယစ်ဈေးကွက်က အင်မတန် ကျယ်ပြန့်လာတယ်။ ဒါဟာ အစိုးရအနေနဲ့ ထိန်းချုပ်ရမယ့် တာဝန်တစ်ခုဖြစ်တယ်။ ဒါပေမယ့် သူတို့အနေနဲ့ ထိရောက်ရောက်လုပ်ဆောင်တာမတွေ့ရဘူး။ အဲ့ဒါကို ကချင်လူထုအခြေပြု မူးယစ်တိုက်ဖွဲ့ရေးအနေနဲ့ ဆောင်ရွက်နေရတာ ဖြစ်တယ်။ ဒါကို သူတို့အနေနဲ့ အနုကြမ်းစစ်ဆေးမှုတွေ ခဏခဏ စစ်ဆေးခံနေရတယ်။ အစိုးရ အာဏာပိုင်အဖွဲ့အစည်းတစ်ချို့က Pat Jasan ကို မလိုလားတာ တွေ့နေရတယ်”ဟု မြစ်ကြီးနားဇုံနယ် လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ PJS တာဝန်ခံ Sara La Wawm (ဆရာလဝမ်) ပြောဆိုပါသည်။

မူုးယစ်ဆေးဝါးအန္တရယ်ကို ထိန်းချုပ်ရန် ကချင်ခရစ်ယာန်အသင်းတော်များပူးပေါင်းပြီး ကချင်လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ PJS ကို ၂၀၁၄ တွင် ထူထောင်ခဲ့ပြီး ကချင်နှင့်ရှမ်းမြောက်ဒေသများတွင် ဘိန်းခင်းတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးစွဲသူများကို ကျမ်းစာသင်ပေးသည့် အစီစဉ်များကို လုပ်ဆောင်နေသည်ဟု သိရပါသည်။